Wednesday, July 8, 2009

ဂျပန်ကိုလာမယ်ဆိုရင်

ကျွန်တော်တို့ ကမ္ဘာကြီးမှာ ၁၉၆၀ ၀န်းကျင်က American Dream ဆိုပြီး ခေတ်စားဖူးပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်စီးပွားရေး ရွှေခေတ်လို့ပြောရလောက်အောင်ကိုအရမ်းကောင်းနေချိန်ပါ။ အမေရိကန်ရောက်ရင် ဘ၀အတွက် (စီးပွားရေး၊ကျန်းမာရေး) အားလုံး လုံခြုံစိတ်ချရပြီဆိုပြီး လူတိုင်း အမေရိကန် ကိုရောက်အောင်သွားဖို့ အိပ်မက် မက်နေတဲ့ အချိန်ပေါ့။
နောက် ၁၉၈၀ ၀န်းကျင်မှာ ဂျပန်ရဲ့ စီးပွားရေး တစ်ရှိန်ထိုး တိုးတက်လာပါတယ်။ အဲဒီမှာ (အထူးသဖြင့် အာရှက လူငယ်တွေမှာ) Japan Dream ဆိုပြီး ပေါ်ပြူလာဖြစ်လာကြပါတယ်။ ခုထိလည်း ဂျပန်နိုင်ငံထဲကို နည်းအမျိုးမျိုးနဲ့ ၀င်လာမစဲ တသဲသဲ ပါပဲ။ ၀င်လာကြတဲ့ လူတွေထဲမှာလည်း (ဘယ်လိုနည်းနဲ့ပဲ ၀င်လာ ၀င်လာ) အများအားဖြင့် (ငွေရေးကြေးရေးပိုင်း)ပြေလည်သွားကြတာများပါတယ်။
ဂျပန်နိုင်ငံကို ၀င်ဖို့အတွက် အဓိကနည်းလမ်း (၅) မျိုး ရှိပါတယ်။
(၁) ကာလတို ဗီဇာ (Short Visit)

(၂) သင်တန်းသား ဗီဇာ ( Trainee )

(၃) ကျောင်း ဗီဇာ (Student )

(၄) အလုပ် ဗီဇာ ( Work Permit )

(၅) မှီခို ဗီဇာ ( Dependence )
တို့ ဖြစ်ပါတယ်။
အဲဒါတွေအပြင် အခြား business နဲ့လာတာတွေ(ကျောက်မျက်ပြပွဲ)၊ ပညာတော်သင်အဖြစ်နဲ့လာတာတွေ၊ဒုက္ခသည်ခိုလှုံခွင့်နဲ့ လာတာတွေ ရှိပါသေးတယ်။ ဒါပေမယ့် အဓိက ကတော့ အပေါ်က ဗီဇာ ၅ မျိုးပါပဲ။ ဗီဇာတစ်ခုချင်းစီရဲ့ အသေးစိတ်အချက်လေးတွေနဲ့ ဒီရောက်တော့ ဘယ်လိုပြောင်းလဲလှုပ်ရှားကြရလဲဆိုတာ ကျွန်တော် သိသလောက် ပြောပြပါ့မယ်။

ဗီဇာတွေအကြောင်းမပြောခင် ဗီဇာတင်ရတဲ့ပုံစံလေးကို နည်းနည်း ပြောချင်ပါတယ်။ ပထမဆုံး အလုပ်ခန့်စာ၊ ကျောင်းဝင်ခွင့်၊ အလည်ဖိတ်ခေါ်စာ တစ်ခုခုနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဂျပန်လူဝင်မှုကြီးကြပ်ရေးကိုတင်ရပါတယ်။ တင်ပြီးတာနဲ့ အနည်းဆုံး (၁)ပတ်ကနေ အများဆုံး (၃)လဆိုရင် COE (Certificate Of Eligibity) ဆိုတာထွက်လာပါတယ်။ (၃)လကျော်လို့မှ COE ထွက်မလာရင်တော့ Cancle ဖြစ်ပါပြီ။ အဲလို Cancel ဖြစ်ပြီးရင် နောက် (၆)လကြာမှ ပြန်တင်ခွင့်ရှိပါတယ်။ COE ရလာပြီးရင် အဲဒီ COE နဲ့ မြန်မာနိုင်ငံက သံရုံးကိုသွားပြီး ဗီဇာတင်ရပါတယ်။ COE ရဲ့သက်တမ်းက (၁)လရှိပြီးတော့ ဗီဇာသက်တမ်းက (၃) လ ရှိပါတယ်။ ဗီဇာရပြီးရင်တော့ ဂျပန်သွားရုံပါပဲ။

(၁)ကာလတိုဗီဇာ (Short Visit)

ဒီမှာကတော့ အလည် ဒါမှမဟုတ် Visit နဲ့ လာတယ်လို့ ပြောပါတယ်။ကာလတိုဗီဇာရဖို့အတွက်က အဓိက Sponsor ခိုင်ဖို့လိုပါတယ်။ ဂျပန်မှာ တရားဝင်နေထိုင်ခွင့်ရထားတဲ့လူတွေ၊ ဒါမှမဟုတ် ဂျပန်လူမျိုးတွေက ဖိတ်ခေါ်ရင် ဗီဇာတင်လို့ရပါတယ်။ တကယ်လို့ ၀ယ်မယ်ဆိုရင် လက်ရှိပေါက်ဈေး မြန်မာငွေ သိန်း (၁၀၀) ကျော်လောက်ရှိပါတယ်။ (တစ်လောက ရောက်လာတဲ့လူတစ်ယောက်ဆိုရင် သိန်း (၁၅၀) တောင် ပေးခဲ့ရပြီး (၁၅)ရက်ပဲ နေထိုင်ခွင့်ရတယ်။)အလည်သမားတွေက COE ရပြီးရင်တောင် ဂျပန်သံရုံးမှာ စ အရစ်ခံရပါတယ်။ ဂျပန်သံရုံးမှာတင်ကို ပြန်လှည့်လာရတဲ့သူတွေ အများကြီးပါပဲ။ သံရုံးက ဗီဇာရလာလို့ ဂျပန်ထွက်လာပြီဆိုရင်လည်း လေဆိပ်မှာ ထပ်အရစ်ခံရပြန်ပါတယ်။ ဂျပန်နိုင်ငံထဲကိုတောင် မ၀င်လိုက်ရပဲ လေဆိပ်ကနေ လှည့်ပြန်သွားရတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဆုံးရှုံးမှုတော်တော်များပါတယ်။ ဂျပန်နိုင်ငံထဲ ရောက်ပြီဆိုရင်တော့ လမ်းကြောင်းနှစ်မျိုးရှိပါတယ်။ အိုဗာစတေး(Over Stay) နဲ့ ဒုက္ခသည်(Refugee) ခံယူတာပါ။ အို သမားနဲ့ အာ သမားလို့ ခေါ်ပါတယ်။အို သမားက မိရင် ချက်ခြင်းပြန်အပို့ခံရတဲ့အတွက် နောက်ပိုင်း အာ ပဲ ခေတ်စားလာပါတယ်။

(၂) သင်တန်းသား ဗီဇာ (Training)

ဂျပန်လို Kenshuusei (ခန်းရှူးဆေး)၊ ဒီမှာတော့ ခန်းရှူးဗီဇာ၊သင်တန်းသား လို့ ခေါ်ပါတယ်။တရားဝင်ပုံစံကတော့ ဒီက စက်ရုံ၊အလုပ်ရုံတွေမှာ သင်တန်းသားအနေနဲ့ ၀င်ရပါတယ်။ ယေဘုယျအနေနဲ့ တစ်နှစ်တစ်ခါ သက်တမ်းတိုးပြီး သုံးနှစ်အထိနေလို့ရတယ်။ ပထမတစ်နှစ်ကို လစာ ယန်း (၆၀၀၀၀) ပတ်လည်နဲ့ အချိန်ပို မရှိပါဘူး။ ဒုတိယနှစ်ကို လစာ ယန်း(၈၀၀၀၀) ပတ်လည်နဲ့ အချိန်ပို ၊ တတိယနှစ်ကို ယန်း (၁၂၀၀၀၀) ပတ်လည်နဲ့ အချိန်ပို ရပါတယ်။ ဒါပေမယ့် တကယ်တန်းကျတော့ အဲလို မဟုတ်ပါဘူး။ တကယ် သင်တန်းသားအနေနဲ့ မဟုတ်ပဲ ဒီက စက်ရုံတွေ၊ အလုပ်ရုံတွေ၊ စိုက်ပျိုးရေးတွေမှာ အလုပ်သမားအဖြစ် ၀င်လုပ်ကြပြီး တစ်လ ယန်း(၆၀၀၀၀)ကျော်နဲ့ အချိန်ပို တစ်နာရီကို အနည်းဆုံး ယန်း(၇၀၀) ကနေ ယန်း (၈၀၀)ကြားရပါတယ်။ တစ်နှစ်တစ်ခါ သက်တမ်းတိုးရင် ကိုယ်လာတဲ့ သင်တန်းအလိုက် စာမေးပွဲဖြေရပြီး အောင်မှ နောက်နှစ်သက်တမ်းရပါမယ်။ သုံးနှစ်ပြည့်ရင်တော့ ပြန်ရပါတယ်။ မပြန်ချင်တော့လည်း ထုံးစံအတိုင်း အို ကြ အာ ကြပေါ့။ကုန်ကျစားရိတ်အနေနဲ့ကတော့ မြန်မာငွေ သိန်း (၆၀)လောက် ပေးခဲ့ရပါတယ်။သင်တန်းသားဗီဇာအနေနဲ့ COE ရပြီးရင် သံရုံးမှာဖြစ်ဖြစ်၊ လေဆိပ်မှာ ဖြစ်ဖြစ်
အခက်အခဲ မရှိတော့ပါဘူး။ အေးအေးဆေးဆေး ၀င်လာရုံပါပဲ။မြန်မာပြည်ကို တစ်နှစ်တစ်ခါ အလည်ပြန်ခွင့်ရှိပါတယ်။

(၃) ကျောင်းဗီဇာ (Student)

ကျောင်းတက်ဖို့အတွက်ဆိုရင် မြန်မာပြည်မှာကတည်းက ကိုယ်တက်ချင်တဲ့ကျောင်းကိုရွေးပြီး ၀င်ခွင့်ဖြေရပါတယ်။ ဂျပန်စာ Level II လောက်အောင်ထားဖို့ လိုပါလိမ့်မယ်။ မြန်မာပြည်မှာ ပိုင်ဆိုင်မှု လုပ်ငန်းတန်ဖိုး သိန်း (၁၀၀) နဲ့ အထက် ပြဖို့လိုပါတယ်။ အလုပ်အနေနဲ့ကတော့ အစကတည်းက ဂျပန်စာကျွမ်းကျလာကြတော့ ရှာဖို့ သိပ်မခက်ပါဘူး။ ပြီးတော့ ကျောင်းသားတွေဆို ဒီက အလုပ်တွေက ဦးစားပေးပါတယ်။ တစ်ရက်ကို အနည်းဆုံး ၅ နာရီ လုပ်ချိန်ရှိပါတယ်။ ကျောင်းပိတ်ရက်ဆိုရင်တော့ တစ်နေကုန်ပေါ့။ ကျောင်းသားတွေ အလုပ် လုပ်ခွင့်က နာရီကန့်သတ်ထားတော့ တစ်ခုတည်းမှာ အချိန်ရှည်လုပ်ဖို့တော့ မလွယ်ပါဘူး။ သက်တမ်းတိုးရင် ဘဏ်စာအုပ်တင်ရတော့ အလုပ်ကို နှစ်ခု၊ သုံးခုလောက် ခွဲလုပ်ပြီး ကိုယ်လုပ်ခဲ့တဲ့ နာရီနည်းအောင် လို့ဘဏ်စာအုပ်ကိုလည်း နှစ်ခု သုံးခု ခွဲလုပ်ထားသင့်ပါတယ်။ ကျောင်းလခအနေနဲ့တော့ ကိုယ်ရွေးတဲ့ကျောင်းကိုလိုက်ပြီး စာသင်နှစ် တစ်နှစ်ကို အနည်းဆုံး ယန်း (၈၀၀၀၀၀)နဲ့ (၁၀၀၀၀၀၀) ကြားရှိပါတယ်။တက္ကသိုလ်ပြီးသွားရင် တစ်နှစ်နေခွင့်ရှိပြီး work permit လျှောက်နိုင်ပါတယ်။


(၄)အလုပ်ဗီဇာ (Work Permit)

WP ရဖို့အတွက် မြန်မာပြည်မှာကတည်းက ၀ယ်လာတာအများစုဖြစ်ပြီး အလည်နဲ့ လာပြီး ရှာဝယ်တာ လည်း ရှိပါတယ်။ တကယ်ကို ကုမ္ပဏီမှာ အလုပ်ရလို့ လာရတဲ့လူကတော့ နည်းပါတယ်။ လက်ရှိပေါက်ဈေး သိန်း (၁၀၀)နဲ့ (၁၅၀) ကြားရှိပါတယ်။ စစချင်းတစ်နှစ်ရပြီး နောက် တစ်နှစ် ကနေ သုံးနှစ် အထိ အကြိမ်ကြိမ် သက်တမ်းတိုးသွားလို့ရပါတယ်။ မဆိုင်တဲ့အလုပ်မှာ လုပ်နေတုန်းမိရင်တော့ ပြည်တော်ပြန်ပါပဲ။ ကြိုက်တဲ့ နိုင်ငံကို သွားလည်ခွင့်ရှိပါတယ်။

(၅)မှီခို ဗီဇာ (Dependence)

မှီခိုအနေနဲ့ ခေါ်ခွင့်ရှိတဲ့သူတွေကတော့ WP သမားတွေနဲ့ တက္ကသိုလ် တက်နေတဲ့သူတွေဖြစ်ပါတယ်။ မှီခိုအနေနဲ့ နေခွင့်ရှိသူတွေကတော့ ကာယကံရှင်ရဲ့ မိဘ ရယ်၊ အိမ်ထောင်ဖက်ရယ်၊ သားသမီးတွေရယ် ပါ။ ကျန်တဲ့ အိမ်ထောင်စုဝင် မောင်နှမသားချင်ုးတွေအနေနဲ့ကတော့ အများဆုံး ၃ လပဲ အလည်လာခွင့်ရှိပါတယ်။ မှီခိုခေါ်တဲ့အတွက် ဘာကုန်ကျစားရိတ်မှ မရှိပါဘူး။

ဂျပန်ကို လာမယ့်သူတိုင်း သိသင့်တာက ဂျပန်မှာ အင်္ဂလိပ်စကားပြောတတ်ရုံနဲ့ အလုပ်မဖြစ်ပါဘူး။ ပြီးတော့ ရေးထားတဲ့ စာတွေရဲ့ ၉၀%ကလည်း ဂျပန်စာတွေပါပဲ။ ဒါကြောင့် ဂျပန်ကို လာဖို့ ဆုံးဖြတ်ထားပြီးပြီဆိုရင်တော့ ဘာဗီဇာနဲ့ပဲ လာသည်ဖြစ်စေ ဂျပန်စာကို အကောင်းဆုံးလေ့လာခဲ့ကြပါလို့ အကြံပေးချင်ပါတယ်။

Followers