Friday, June 26, 2009

"သားရေ... ကိုမိုး...ထတော့လေ... သွားဖို့လာဖို့ပြင်ရဆင်ရဦးမှာ"
မေမေ့အသံကြောင့် သူ နာရီကိုယူကြည့်လိုက်မိသည်။ မနက် ၅ နာရီတိတိ။ အမှန်က မေမေမနှိုးခင်ကတည်းက သူနိုးနေပြီးသား။ နိုးနေပြီးသားဆိုတာထက် လုံးဝမအိပ်ရသေးတာဆိုလျှင်ပိုမှန်မည်။ မန္တလေးသို့ ကျောင်းသွားတက်ရမည်မို့ ရင်တွေခုန်ကာ တစ်ညလုံးအိပ်မပျော်နိုင်၊ အိပ်ယာထဲ လူးလှိမ့်ရင်း မန္တလေးရောက်လျှင် ကြုံတွေ့ရမည့်အရာများကို တွေးရင်း မောနေမိသည်။
"အော်...သားက နိုးနေပြီလား... ကဲ ကဲ ထ... မျက်နှာသစ်ပြီး စားစရာရှိတာစား ၊ ပြင်စရာရှိတာ ပြင်"
မေမေက အိပ်ခန်းထဲထိရောက်လာပြီးပြောတော့ သူလည်း ထပြီး မျက်နှာသစ်ကာ ထမင်းဝိုင်းတွင် မေမေပြင်ပေးထားသည့် ကောက်ညှင်းပေါင်းနှင့် ဆတ်သားခြောက်ဖုတ်ကို ရေနွေးကြမ်းနှင့် သောက်လိုက်သည်။
"သား ဟိုရောက်ရင် လိမ်လိမ်မာမာနေနော်၊ အပျော်အပါးမမက်နဲ့၊ ဘုရားတရားမမေ့နဲ့၊ စာပဲကြိုးစား"
မေမေက ဘေးနားလာထိုင်ရင်း သူ့ကို မမောတမ်းမှာနေသည်။ သူ့မှာ အစ်မ ၂ ယောက်ရှိပြီး ယောင်္ကျားလေးတစ်ယောက်တည်း အငယ်ဆုံးဆိုတော့ အားလုံးက ၀ိုင်းချစ်ပြီး အလိုလိုက်ကြသည်။ မေမေက အဆိုးဆုံး၊ ဒီသားလေးကို ဘယ်တော့မှ စိတ်မချ။
"ဟုတ်ကဲ့ပါ မေမေရဲ့၊ စိတ်ချပါ၊ သားက မငယ်တော့ပါဘူး၊ ခုတောင် တက္ကသိုလ်ကျောင်းသား ဖြစ်ပြီပဲကို"
"အမလေး... သားဟာသား တက္ကသိုလ်ကျောင်းသားမကလို့ ဘာကောင်ကြီးဖြစ်နေနေ မေမေ့အတွက်တော့ သားက အမြဲ ကလေးလေးပဲ"
"ဟား ဟား ဟုတ်ပါပြီမေမေရဲ့၊ ဒါနဲ့ ဖေဖေကော နိုးနေပြီလား မေမေ"
"နင့်အဖေ ဘုရားဝတ်တက်နေတယ်လေ... ဟော ... ပြောရင်း ဆင်းလာပြီ"
"ဒါဆို သား ဖေဖေနဲ့ မေမေကို ကန်တော့လိုက်ဦးမယ်"
ဖေဖေနဲ့မေမေကို ကန်တော့အပြီးမှာပဲ သူစီးရမယ့်ကားရောက်လာသည်။
"တီ တီ ...တီ တီ..."
"ကိုဝေမိုး ကိုဝေမိုး"
"လာပြီ ... လာပြီ... ဖေဖေ မေမေ သားသွားပြီ"
သူ အော်လည်းအော် မေမေတို့ကိုလည်း နှုတ်ဆက်ရင်း ကားပေါ်ပြေးတက်လာခဲ့သည်။
"သား တစ်ပတ်တစ်ခါ ဖုန်းဆက်နော်...စာကြိုးစား...လျှောက်မလည်နဲ့...လိမ်လိမ်မာမာနေ"
မေမေက ကားမထွက်မချင်း တတွတ်တွတ် လိုက်မှာနေသည်။
"ဟုတ်ကဲ့ပါ မေမေရဲ့ ... သား သွားပြီနော်"
သူပြောနေတုန်းမှာပဲ ကားက ပစ္စည်းတွေတင်ပြီး စထွက်ပါတော့တယ်။ သူလည်း ကားထိုင်ခုံပေါ်မှီရင်း စိတ်ထဲမှာလွမ်းသလိုလို၊ အားငယ်သလိုလို။
"ဟယ်.. ဟယ်... ငိုတော့မယ် ငိုတော့မယ်"
"လိပ်မပျောက်လို့ လိပ်ဥရှာ သူ့ခမျာ ငိုမဲ့ ငိုမဲ့"
"ဟဲ့ လိပ်ဥပျောက်လို့ လိမ်မရှာ မဟုတ်ဘူးလားဟဲ့"
အသံတွေကြားလို့ ဘေးကိုကြည့်လိုက်တော့ ကောင်မလေး ၄ ယောက်။ပိုပြီး တိတိကျကျပြောရရင်တော့ အစ်မကြီးအရွယ် သုံးယောက်နဲ့ သူနဲ့ရွယ်တူကောင်မလေး တစ်ယောက်။
"ဟာ နင်ကလည်း ဒါက လိပ်ဥလေးက သူ့အစ်မေ လိပ်မကြီးပျောက်လို့ဟ"
"အော် သနားပါတယ်နော်... ကျွတ် ကျွတ် ကျွတ်... "
"ဟဲ့ နင် သနားရင် လိပ်မကြီး လုပ်လိုက်ပါလား"
"ဟင့်အင်း ... သူ့အမေတော့ မလုပ်ချင်ပါဘူး...လိပ်ဥလေးက ကြည့်ရတာ သူ့အမေနို့ ပြတ်သေးပုံမပေါ်ဘူး၊ တော်ကြာ ချိုချိုဆာတယ်ဆိုပြီး ငါ့ကို ဟိ ဟိ"
"နင်ကလည်း တိုက်လိုက်ပေါ့ ဟီး ဟီး"
"ဟား ဟား ဟား ဟား"
သူသိလိုက်ပြီ။ ဒါ သူ့ကို ၀ိုင်းပြောင်နေကြတယ်ဆိုတာ။ သူဆိုတဲ့ကောင်ကလည်း ဒီလိုနေရာမျိုးမှာ အတွေ့အကြုံ လုံးဝမရှိ။ မရှိဆို သူက အားရင် စာအုပ်ပဲဖတ်နေတဲ့ကောင်ဆိုတော့ မိန်းကလေးတွေနဲ့ရောရောနှောနှော တစ်ခါမှ မနေခဲ့ဖူး။ သူတို့စကားကို မကြားချင်ယောင်ဆောင်ပြီး မျက်လုံးကို အတင်းပိတ်ထားလည်း နားထဲကိုတော့ တရစပ်ဝင်နေသည်။
"ဟဲ့ ဟဲ့ လိပ်ဥက အကောင်ပေါက်ခါနီးရင် ဘာအရောင်ပြောင်းတတ်လဲ"
"သေသေချာချာတော့ မသိဘူးဟ၊ အနီရောင်ပြောင်းတယ်ထင်တယ်"
"ဟယ် ဒါဆို ငါတို့လိပ်ဥလေး အကောင်ပေါက်တော့မယ်ထင်တယ်၊ တဖြည်းဖြည်းနီလာပြီ"
"ဟုတ်တယ် ဟုတ်တယ် ဟော ဟော ပြောရင်းဆိုရင်း ရွစိရွစိဖြစ်လာပြီ"
"ဘယ်မှာလဲ... ဟယ်... ဟုတ်တယ်တော့ တဖြည်းဖြည်းဖောင်းလာပြီ"
သွားပြီ။ သူ့အကျင့်ကလည်း ရှက်ရင် မျက်နှာက တဖြည်းဖြည်းနီလာပြီး နှာခေါင်းက ပွစိပွစိ ဖြစ်လာတတ်သည်။ ဒီထက်သာဆက်ပြောရင်တော့ သူအရှက်လွန်ပြီး ကားပေါ်ကခုန်ချမိတော့မည်။
ထိုစဉ်မှပဲ
"တော်ပါတော့ အစ်မတို့ရယ်၊ သူ အရမ်းရှက်နေပြီထင်တယ်"
သူ့နားထဲကို ပျားရည်မြစ်ကလေး စီးဆင်းသွားတယ်။ မှိတ်ထားတဲ့ မျက်လုံးကို အသာမှေးပြီး ခိုးကြည့်လိုက်တော့ သူနဲ့ရွယ်တူကောင်မလေး။ သူနဲ့ရွယ်တူဆိုပေမယ့် သူ့ထက်နည်းနည်းတော့ ငယ်ပုံပေါက်တယ်။ မျက်နှာလေးကနုနုလေးနဲ့မျက်ဝန်းလေးက အရည်လဲ့ပြီး ဂရုဏာတွေနဲ့ လင်းလဲ့နေတယ်။ သူပြောလိုက်လို့လား မသိဘူး ဟို အစ်မကြီးတွေလည်း သူ့ကို နောက်ထပ် မစတော့ဘူး။ သူလည်း ခုမှပဲ သက်ပြင်းမောကြီးကို ချလိုက်မိတော့တယ်။
"ဟူး........"
"ဟယ် ဥပေါက်ပြီးသွားပြီထင်တယ်"
"ဟိ ဟိ တော်ပါတော့ မိကြည်သာရဲ့... နင့်လိပ်ဥလေး ကားပေါ်က ခုန်ဆင်းသွားပါဦးမယ်"
"ခွိ ခွိ"
သူ ဘာသံမှ ထပ်မထွက်ရဲတော့ပဲ မျက်လုံးကိုစုံမှိတ်ပြီး သက်ပြင်းကို ကြိတ်ချလိုက်မိပါတော့တယ်။
"ဟင်း... ဟိုရောက်ရင်တော့ ဒီထက်ပိုဆိုးတာတွေ တွေ့တော့မယ်ထင်ပါရဲ့...ဘုရား...ဘုရား..."

No comments:

Post a Comment

Followers