Friday, June 26, 2009

"ငါ့အိပ်မက်များ ဟိုးအတိတ်တွေဆီ ...လွင့်မျှောမိ ဆယ်စုနှစ်....တို့ရဲ့မန္တလေးကကျောင်းတော်...ဘယ်တော့မှ မမေ့နိုင်ခဲ့"

မန္တလေးကိုရောက်တော့ နေရမယ့် အဆောင်ကိုသွား၊ပစ္စည်းတွေနေရာချပြီး ကုတင်ပေါ်မှာ ခဏလှဲနေလိုက်တယ်။ ကျွန်တော်နေရတာက နှစ်ယောက်ခန်း။ ဘေးခုတင်မှာ လူရောက်နေပြီ။ ကျွန်တော်လည်း ကုတင်မှာ ခဏလှဲပြီး နားနေတယ်။ သိပ်မကြာတဲ့အချိန်လေးမှာပဲ အခန်းဖော်ပြန်ရောက်လာတယ်။
"ဟာ... သူငယ်ချင်းရောက်နေပြီလား"
သူက ဖော်ဖော်ရွေရွေပဲ နှုတ်ဆက်တယ်။
"အေးကွ၊ ကိုယ့်နာမည်က ဝေမိုးပါ၊ စက်မှုတက္ကသိုလ်က"
"ဟာ... ကိုယ့်နာမည်က မိုးဝေကွ။ စက်မှုပဲ ၊ ဟား ဟား ကိုယ်တို့နှစ်ယောက်ကတော့ တိုက်ဆိုင်တယ်ကွာ"
"ဟုတ်ပါ့ကိုမိုးဝေရာ၊ ခုလို တွေ့ရတာ ၀မ်းသာပါတယ်"
"ကိုမိုးဝေတွေ ဘာတွေလုပ်မနေနဲ့၊ မိုးဝေလို့ပဲ ခေါ်ကွာ၊ မင်းနဲ့ငါက ရွယ်တူပဲဖြစ်မှာပါ"
"အေး၊ မင်း ဘာစားပြီးပြီလဲ၊ ငါ က ဘယ်သွားပြီးဘာစားရမလဲ မသိဘူးဖြစ်နေတာ၊ ခုမှ မန်းလေးကို သေချာရောက်ဖူးတာ"
"ဟုတ်လား၊ ဒါဆိုလာကွာ၊ မိန်းနားက Friends မှာ သွားထိုင်ရအောင်၊ ထမင်းဆီဆမ်းနဲ့ ကြက်ဥကြော်မိုက်တယ်ကွ"
"အိုကေ၊ သွားမယ်လေ"
ကျွန်တော်တို့နှစ်ယောက် အဆောင်တံခါးကို သော့ခတ်ပြီးထွက်လိုက်တယ်။ ၇၃ လမ်းပေါ်ရောက်တော့ ဘေးနားဖြတ်သွားတဲ့ လူနှစ်ယောက်က
"ဟာ မိုးဝေ...ဘယ်တုန်းကရောက်တာလဲ"
"ဟာ နေကျော်... ဒီနေ့ပဲရောက်တာကွ..Friends သွားမလို့ လိုက်ခဲ့ကွာ"
"ဟာ မင်းကလည်း အချိန်ကိုလည်း ကြည့်ဦး၊ ညနေ ၆ နာရီကျော်ပြီ၊ ဒါ သွားလုပ်မယ်ကွာ"
အေးကျော်ဆိုတဲ့ကောင်က ပါးစပ်နား လက်မကိုထောင်ပြီးမော့သလိုလုပ်ပြတယ်။ အရက်သွားသောက်ဖို့ပေါ့။
"ဒီမှာ သူငယ်ချင်းအသစ်ပါလာတယ်ကွ၊ သူဘာမှ မစားရသေးဘူးဆိုလို့၊ ဝေမိုးတဲ့။ ဟေ့ကောင်ဝေမိုး၊ ဒါ ငါတို့ မြို့က သူငယ်ချင်းတွေ အေးကျော် နဲ့ မင်းမင်း တဲ့"
"တွေ့ရတာ ၀မ်းသာပါတယ်"
"ကျွန်တော်တို့လည်း ၀မ်းသာပါတယ်၊ ပိုပြီး ၀မ်းသာသွားရအောင် တူတူသွားသောက်ကြစို့ဗျာ"
ကျွန်တော်လည်း မထူးပါဘူးဆိုပြီး
"သွားဗျာ....ဒါပေမယ့် ကျွန်တော်က မသောက်တတ်ဖူးနော်"
"ရပါတယ်ဗျာ၊နောက်တာ့ တတ်သွားမှာပေါ့"
"ဟား ဟား"
"ဝေမိုးရေ၊ သတိသာထား၊ ဒီကောင်က ဇိုးသမားကွ"
"အောင်မာ... မင်းကသာ နှာသမားကွ"
နောက်ရင်းပြောင်ရင်းနဲ့ပဲ မိန်းအောက်ဖက် ၆၉ လမ်းပေါ်က ကိုအေးဆိုင်ကို ရောက်သွားကြတယ်။(ကိုအေး ဆိုင်ဆိုတာ သူတို့အပြောနဲ့သိတာပါ၊ ဆရာမောင်စိန်ဝင်းတောင် သူ့ဝတ္ထုတစ်ပုဒ်မှာ ထည့်ရေးဖူးဆိုပဲ)။ဆိုင်ထဲရောက်တော့ အေးကျော်ကပဲ ဦးဆောင်ပြီး မှာပါတယ်။
" ဦးအေးရေ တစ်လုံးတစ်ဖုံး"
ကျွန်တော်က ရုတ်တရက်ကြောင်သွားပြီး ဘေးနားက မိုးဝေကိုမေးလိုက်တယ်။
"ဘာလဲဟ တစ်လုံးတစ်ဖုံးနဲ့ ကြက်ဂွေးတစ်ပွဲ"
မိုးဝေက ရယ်ပြီး
"ဟား ဟား တစ်လုံးတစ်ဖုံးဆိုတာ ဘီအီးတစ်လုံးကို ဖျော်ရည်အဖုံးတစ်ဖုံးရောဖို့ပြောတာကွ၊ကြက်ဂွေးဆိုတာက ကြက်သားနဲ့ ဂွေးတောက်ရွက်ဟင်းရည်ကိုပြောတာ၊ဒီဆိုင်ရဲ့ နာမည်အကြီးဆုံးပေါ့၊ဒီကောင်နဲ့ ပေါင်းရင် နောက်တော့ မင်းသိလာပါလိမ့်မယ်"
"ငါလခွီး၊ မင်းကတော့ ငါ့ကို နာမည်ဖျက်ဖို့ပဲ"
အေးကျော်က ပြောရင်းဆိုရင်း စားပွဲထိုးလေးလာချပေးတဲ့ ပုလင်းကို ဖန်ခွက်လေးခွက်ထည့်လိုက်တယ်။ကျွန်တော်က အကြောက်အကန်ငြင်းရတာပေါ့။
"ဟာ... ငါ တကယ်မသောက်တတ်လို့ပါဟ ၊ပြီးတော့ ခုဗိုက်ဆာနေတာဆိုတော့ တစ်ခုခုစားဦးမယ်"
"ဟုတ်တယ်ကွ၊ မင်းကလည်း မသောက်တတ်တဲ့လူကို အတင်းမတိုက်ပါနဲ့။ ညီလေးရေ၊ ထမင်းဆီဆမ်းနဲ့ ကြက်ဥမွှေကြော်တစ်ပွဲချကွာ"
မိုးဝေက အေးကျော်ကို ဟန့်တားရင်း ထမင်းပါ တခါတည်းမှာပေးလိုက်တယ်။သောက်ကြစားကြရင်း အရှိန်ရလာတော့ အေးကျော်က မိုးဝေကို
"ဟေ့ကောင်၊ မင်း စုစုနဲ့ ပြတ်သွားပြီဆိုကွ၊ ဘယ်လိုဖြစ်တာလဲ"
စုစုဆိုတဲ့အသံကြားတော့ အေးကျော်မျက်နှာ မဲ့သွားတယ်။
"ဒီလိုပါပဲကွာ"
"ဘာဒီလိုပါပဲလဲ။ မရဘူးဟေ့ကောင် ပြောပြ"
"ဒီလိုပါပဲဆိုကွာ မင်းကလည်း "
"အေး မင်းမပြောရင် မင်းစုစုကို ငါသွားမေးမှာနော်"
" မင်းသွားမေးရဲရင် မေးပေါ့ကွ"
"အေး ဒါဆို သွားပြီ"
အေးကျော်က မူးမူးနဲ့ တကယ်သွားမယ်လုပ်တော့ မိုးဝေက ကမန်းကတန်းတားတယ်။
"ဟာ ဟေ့ကောင် မသွားနဲ့ မသွားနဲ့"
"သွားမှာပဲကွာ မင်းမှ မပြောတာ"
မိုးဝေက မထူးတော့ပါဘူးဆိုတဲ့ လေသံနဲ့
"ကဲ မင်းဒီလောက်သိချင်ရင် ပြောမယ်ကွာ"
"အေး၊ ဒီလိုမှပေါ့ကွ"
မိုးဝေက လက်ထဲက အရက်ခွက်ကို တစ်ချက်တည်းမော့လိုက်ပြီး ကြက်ဂွေးပန်းကန်ထဲက ခြေထောက်ကို ကိုက်လိုက်တယ်။ ဆေးလိပ်ခွက်ထဲက ငွေနဂါးဆေးပေါ့လိပ်ကို ပါးစပ်မှာတပ်ပြီး မီးညှိလိုက်တယ်။ ပြီးတော့ဆေးလိပ်ကို တစ်ချက် ဖွာလိုက်ပြီး ဆွေးမြေ့တဲ့လေသံနဲ့
"ဒီလိုကွ..... အဲဒီညက မိန်းထဲက လူပြတ်တဲ့ ခုံတန်းလျားလေးပေါ်မှာ...သူနဲ့ငါ ကြည်နူးနေကြတာပေါ့ကွာ................................................................................................."

************************************************************************************

No comments:

Post a Comment

Followers